01/03/2022
လွန်ခဲ့သော ၄ နှစ်က ရေးခဲ့တဲ့စာ..စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေသစ် မထွက်မီက ရေးတင်ခဲ့တာ။
“Power ရုပ်သိမ်းခြင်းနှင့် ပြန်လည်ရုပ်သိမ်းမရသောကိုယ်စားလှယ်လွှဲစာ”
ကိုဇော်(နတ်မောက်)
ကျွန်တော့် Email ကိုရော၊ Fb Message Box ထဲကိုပါ လှမ်းပို့ကြတဲ့ မေးခွန်းလေးတွေထဲက ညီငယ်အရာရှိတချို့က သူတို့ ရင်ဆိုင်နေရတဲ့ ကိစ္စလေးတွေအပေါ် အကြံဥာဏ်တောင်းတဲ့ မေးခွန်းတွေထဲမှာ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်တဲ့ ကိုယ်စားလှယ်လွှဲစာကိစ္စ လေးတွေ ပါလာပါတယ်။
ကျွန်တော် ဌာနထဲ တာ၀န်ထမ်းစဉ်က ကိုယ်စားလှယ်စာအကြောင်း စာတမ်း တစ်စောင် ပြုစုပြီး ထုတ်ဝေ ဖြန့်ချီဘူးပါတယ်။ အဲဒီစာစောင်ကို မဖတ်ဘူးသေးတဲ့ လူငယ်တွေလည်း ဌာနမှာ ရှိနေတော့ကာ မေးတာလေး တွေ ပြန်ဖြေပေးရပြန်ပါတယ်။ မေးတဲ့အချက်
တွေမှာ အဓိက ကတော့ ကိုယ်စားလှယ်လွှဲစာကို ဘယ်မှာ မှတ်ပုံတင်ခွင့်ရှိသလဲ၊ power မှာ သက်တမ်း ရှိပါသလား၊ power တခုဟာ ကာလ မည်မျှကြာမြင့်သည် ထိ အသက်၀င်ပါသလဲ၊ ကိုယ်စားလှယ်အပေါ် (အကြောင်း တခုခုကြောင့်) တာ၀န်ဆက်မပေးချင်ရင်၊ တာ၀န်ကို ပြန်လည် ရုပ်သိမ်းချင်ရင် ကိုယ်စားလှယ်လွှဲစာကို ဘယ်လို ဖျက်သိမ်းရသလဲ ဆိုတဲ့အချက်တွေနဲ့ ပြန်လည် ဖျက် သိမ်း မရတဲ့ ကိုယ်စားလှယ်စာတွေ အပေါ် ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရပါမလဲလို့ မေးထားချက်လေးတွေပါ။
ကိုယ်စားလှယ်လွှဲစာနဲ့ ပတ်သက်ပြီး ဌာနအတွင်းရှိစဉ် “ကိုယ်စားလှယ်လွှဲစာများ မှတ်ပုံတင်ခြင်းဆိုင်ရာ စာစောင်” လေးတခု ၁၉၈၇ မှာ ရေးသားပြုစုခဲ့ပြီး ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက် မှာ ထပ်မံ ဖြည့်စွက်ချက်တွေနဲ့ ရေးသား ဖြန့်ဝေခဲ့ဘူး ပါတယ်။ ကိုယ်စားလှယ်လွှဲစာအကြောင်း အသေးစိတ်ကို အဲဒီစာစောင်မှာ အကျယ်တ၀င့် ရေးထားပြီးပါပြီ။ အခုတော့ အထက်ကညီငယ်တွေ မေးထားတဲ့ မေးခွန်းများအပေါ် အကျဉ်းသဘောအနေနဲ့သာ ပြန်လည် ဖြေကြား ပါမယ်။
ကိုယ်စားလှယ်လွှဲအပ်ခြင်း
ကိုယ်စားလှယ်စာကို ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၁၈၃ နှင့် ၁၈၄ အရ စိတ်မနှံ့သူ၊ စိတ်ပေါ့သွပ်သူ မဟုတ်တဲ့ တရားဥပဒေအရ အရွယ်ရောက်ပြီးသူ မည်သူကိုမဆို ကိုယ်စားလှယ် လွှဲအပ်နိုင်ခွင့် ရှိပါတယ်။
ကိုယ်စားလှယ် လွှဲစာများကို မှတ်ပုံတင်ပေးတဲ့နေရာမှာ အဓိကကျတဲ့ သတ်မှတ်ချက်က လွှဲအပ်သူ နေထိုင်တဲ့ အရပ်မှာရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လွှဲအပ်သူကိုယ်တိုင်က မှတ်ပံုတင်အရာရှိ ရှေ့မှောက်မှာ ၄င်းကိုယ်တိုင် လွှဲအပ်သည်မှာ မှန်ကန်ကြောင်း Authenticated Power ကို လက်မှတ်ရေးထိုး လွှဲအပ် မှတ်ပုံတင်ရတာ ဖြစ်ပါတယ်။
ဥပမာ - ပဲခူးမှာနေတဲ့ ဦးဖြူ ဟာ တောင်ငူမှာရှိတဲ့ သူ့အိမ်နဲ့မြေအတွက် တောင်ငူက သူ့ရဲ့ညီ ဦးမဲကို Power လွှဲချင်ရင် ပစ္စည်းရှိတဲ့ အရပ် ဖြစ်တဲ့ တောင်ငူရုံးမှာ power လွှဲရမှာ မဟုတ်ပါဘူး။ လွှဲအပ်သူ ဦးဖြူနေတဲ့ ပဲခူးမြို့နယ် မှတ်ပုံတင်ရုံးမှာသာ ကိုယ်စားလှယ်လွှဲအပ် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ၁၉၄၆ ခုနှစ် အထိ မှန်ကန်အောင် ပြုပြင် ထားတဲ့ (Corrected up to 1946) ၁၉ဝ၈ ခုနှစ်၊ မြန်မာနိုင်ငံ စာချုပ်စာတမ်းများ မှတ်ပုံတင်အက်ဥပဒေရဲ့ အခန်း (၆)၊ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (၁)၊ အပိုဒ် (က) မှာ အောက်ပါ အတိုင်း ပြဌာန်းထားတာကို လေ့လာရပါမယ်။
Section 33. (1) For the purposes of section 32, the following power-of-attorney shall alone be recognized , namely : -
(a) if the principal at the time of executing the power-of-attorney resides in any part of British Burma in which this Act is for the time being in force, a power-of-attorney executed before and authenticated by the Registrar or Sub-Registrar within whose district or sub–district the principal resides ;
(b) + + + +
(c) + + + + + +
အထက်ပါ ၁၉၀၈ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ ၃၃ (၁) (က) ပြဌာန်းထားချက်အရ "အခြားသူ တဦး တယောက်အား ကိုယ်စားလှယ်လွှဲအပ်မည့် မူရင်းပုဂ္ဂိုလ် (Principal) သည် မြန်မာပြည်အတွင်း မည်သည့် အရပ် တွင် နေထိုင်သည် ဖြစ်စေ၊ ၄င်းမှ အခြားသူတစ်ဦးအား ကိုယ်စားလှယ်လွှဲအပ်ပါက လွှဲအပ်သူဖြစ်သည့် မိမိ နေထိုင်ရာ အရပ် (Principal Resides) ရှိ ဒုတိယမှတ်ပုံတင်အရာရှိ (သို့မဟုတ်) မှတ်ပုံတင်အရာရှိ၏ ရှေ့မှောက် တွင် လွှဲအပ်သည့် လွှဲစာ ဖြစ်စေရမည်" လို့ ဆိုထားတဲ့အတွက် လွှဲသူနေတဲ့ အရပ်က စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာသာ Power လွှဲစာကို မှတ်ပုံတင်လွှဲအပ်ရခြင်း ဖြစ်ပါတယ်။
Special Power and General Power
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၃ အရ လွှဲစာများကို မှတ်ပုံတင် ဆောင်ရွက်တဲ့အခါ လုပ်ငန်း သဘောအရ (၂) မျိုး ခွဲထားပါတယ်။ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့ အထွေထွေ ကိုယ်စားလှယ် လွှဲစာ (General Power) ရယ်လို့ (၂)မျိုး ခွဲထားတယ် ဆိုတာ လူငယ်အရာရှိတွေ အားလုံး သိပြီးသားပါ။
သီးခြား Case တစ်ခုတည်းအတွက် ဆောင်ရွက်ဖို့ လွှဲတဲ့လွှဲစာကတော့ SP ဖြစ်ပြီး တစ်ခုထက် ပိုတဲ့ ကိစ္စတွေ ဆောင်ရွက်နိုင်ဘို့ လွှဲတဲ့လွှဲစာကတော့ GP လို့ အလွယ် တကူ နားလည် သဘောပေါက်ပြီး ဖြစ်ကြမှာပါ။
လွှဲစာ၏ အသက်၀င်မှု
လုပ်ငန်းတစ်ရပ်တည်း၊ ကိစ္စတစ်ရပ်တည်းကိုသာ ဆောင်ရွက်ဘို့ လွှဲထားတဲ့ SP ကတော့ တာ၀န် ပေးထားတဲ့ လုပ်ငန်း ဆောင်ရွက်ပြီးတာနဲ့ အသက်ကုန်သွားပါပြီ။ မှတ်ပုံတင်အရာရှိက အဲဒီ SP ကို တောင်းပြီး ပြန်သိမ်း ထားရ ပါတယ်။ ဒါမှမဟုတ်ရင် လွှဲစာပါ လုပ်ငန်းကို ဆောင်ရွက်ပြီးတာနဲ့ အဲဒီ လွှဲစာပေါ်မှာ အရာရှိက “ဘယ်နေ့ ဘယ်ရက်တွင် လွှဲစာပါကိစ္စရပ် ဆောင်ရွက်ပြီး” ဆိုတဲ့ စာသားကို မှင်နီနဲ့ power အပေါ် ကန့်လန့်ဖြတ် ရေးသားပြီး လက်မှတ်ထိုး တံဆိပ်တုံးရိုက် ပေးလိုက်ရပါတယ်။
GP ကတော့ အသက်ပြင်းပါတယ်။ ပဋိညာဉ်ဥပဒေက ပြဌာန်းချက်များနှင့် အညီ အသက်ရှိပါတယ်။
သက်တန်းကုန်ခြင်း
ကိုယ်စားလှယ်လွှဲစာ တစ်စောင် အသက်မ၀င် ရပ်စဲသွားတဲ့ ကာလကို ပဋိညာဉ် အက်ဥပဒေ ပုဒ်မ ၂၀၁ အရ အောက်ပါအတိုင်း သတ်မှတ် ထားပါတယ်။
(i) လွှဲအပ်သူ (principal) က ကိုယ်စားလှယ် လွှဲအပ်ခြင်းကို ရုပ်သိမ်းတဲ့ အခါမှာလည်းကောင်း၊
(ii) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဘို့ သီးခြားသတ်မှတ် တာ၀န်ပေးတဲ့ အလုပ်ကိစ္စ အပြီးအပြတ် ဆောင်ရွက် ပြီးဆုံးသွားသော အခါ၌လည်းကောင်း၊
(iii) အချိန် ကာလတစ်ခုအတွင်း ဆောင်ရွက်ရန် သတ်မှတ် လွှဲအပ်ပါက ထိုသတ်မှတ် အချိန်ကာလ ကုန်ဆုံး သွားသော အခါ၌လည်းကောင်း၊
(iv) ကိုယ်စားလှယ်က လွှဲစာပါ တာ၀န်များကို မလုပ်နိုင်ကြောင်း ငြင်းပယ်သောအခါ၊ လွှဲအပ်ထားသော လုပ်ငန်းကို စွန့်လွှတ်သွားသော အခါ၌လည်းကောင်း၊
(v) လုပ်ငန်းရပ်တစ်ခုပေါ် မူတည်၍ (ဥပမာ- အသင်း/ကုမ္ပဏီ/လုပ်ငန်းတစ်ခုခု၏) ကိုယ်စားလှယ် ခန့်ထားပါ က ယင်းလုပ်ငန်း/အသင်း/ကုမ္မဏီသည် ပျက်စီး၊ ဖျက်သိမ်းသွားသော အခါ၌လည်းကောင်း၊
(vi) လွှဲအပ်သူ (principal) သေဆုံး၊ ရူးသွပ်၊ သွားသောအခါ၊နှင့် insolvency လူမွဲအဖြစ် တရားရုံး၏ စီရင် ဆုံးဖြတ်ခြင်း ခံရသောအခါ၌လည်းကောင်း၊
(vii) လွှဲအပ်ခံရသူ ကိုယ်စားလှယ် သေဆုံး ကွယ်လွန်သွားသည့် အခါ၌လည်းကောင်း၊
ကိုယ်စားလှယ်လွှဲစာ သက်တမ်း ကုန်သွားပြီ ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
Power သက်တမ်း ၆ လ တစ်နှစ်ဘဲ ခံသလား
Power ရဲ့ သက်တမ်းက ဘယ်လောက်ခံလဲဆိုတာ ဆွေးနွေးပေးပါမယ်။ အချို့ရုံးတွေက Power တခု တစ်နှစ်ပဲ သက်တမ်းထား လက်ခံတယ်ဆိုတာ ဥပဒေအရ မဟုတ်ပါဘူး။ Power တခု ၆ လ ခံတယ်၊ တစ်နှစ်သာ ခံတယ်လို့ စာချုပ်စာတမ်းဥပဒေမှာ သတ်မှတ်ထားတာ မရှိပါဘူး၊ ရုံးတွေက (အထူးသဖြင့် ရန်ကုန်မြို့တော် နဲ့ မန္တလေး မြို့တော် စည်ပင်ရုံးတွေက) မြေရာဇ၀င်/မြေပုံ ရေးကူးတာ၊ မြေကွက်တိုင်းတာတွေမှာ power အဟောင်း တွေနဲ့ လာရင် လက်တွန့်ကြပါတယ်။ ကြားကာလမှာ အပြောင်းအလဲတွေက များလွန်းတဲ့အတွက် မတော် အဆင့်ဆင့် လွှဲထားတာ တွေရှိရင်၊ အရှုပ်အရှင်းတွေ ရှိရင် ပြဿနာ မတွေ့အောင် Safe Side ယူတဲ့ သဘောနဲ့ ကိုယ်စားလှယ် လွှဲထားတာ နှစ်ကြာနေရင် အဲဒီ Power ကို လက်မခံဘဲ အသစ်ထပ် လွှဲခိုင်းလေ့ရှိတတ်ပါတယ်။ အဲဒါ စီမံခန့်ခွဲရေးနည်းအရပါ။ ဥပဒေ မဟုတ်ပါဘူး။
ကျွန်တော်တို့ ကြေး/မြေ ဌာနလက်အောက်မှာရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွေကတော့ လွှဲစာ ကိုင်ပြီး အရောင်းအ၀ယ် အလွှဲအပြောင်း လာလုပ်ရင် ခင်ဗျားရဲ့လွှဲစာက နှစ်ကြာနေပြီ၊ အသက်မ၀င်တော့ဘူး၊ ဘာညာ လုပ်ပြီး လက်မခံ ငြင်းပယ်လို့ မရပါဘူး၊ power လွှဲထားတာ အရင်နှစ်ကာလ တော်တော်ကြာနေပြီဆိုရင် RO လုပ်ရမဲ့အလုပ်က လွှဲထားသူ (Principal) အသက်ထင်ရှား ရှိ မရှိ စစ်ဆေး သက်သေ ပြခိုင်းရတာဘဲ ဖြစ်ပါတယ်။ လွှဲစာ အသက်၀င်နေဆဲဆိုတဲ့ အထောက်အထား တောင်းခံရပါတယ်။ မူလ လွှဲအပ်သူဟာ သက်ရှိ ထင်ရှားလည်း ရှိသေးတယ်၊ သူလွှဲခဲ့တာကိုလည်း ပြန် မရုပ်သိမ်းသေးဘူးဆိုတာ သက်သေပြနိုင်ရင်၊ ခိုင်မာတဲ့ အထောက် အထား ပြနိုင်ရင် အဲဒီ power ဟာ Still Operative အသက်၀င် နေသေးတယ်လို့ သတ်မှတ်ပါတယ်။
Powerရုပ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း
Power ကို ရုပ်သိမ်းလို့ ရပါတယ်။ လွှဲသူက အခရာပါဘဲ၊ ဒါကြောင့် သူ့ကို Principal ပင်မပုဂ္ဂိုလ် လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်စာ ဖျက်သိမ်းတာကို ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းတာကို (Revocation) လို့ ခေါ် ပါတယ်။ ကိုယ်စားလှယ်လွှဲစာ ပြန်ရုပ်သိမ်းပုံ နည်းစနစ်တွေကို ၁၉၀၈ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ နည်းဥပဒေ ၁၀၀ မှာ အသေးစိတ် ရှင်းလင်း ဖေါ်ပြထားပါတယ်။ နည်း ၁၀၀ ကို အကျဉ်းချုပ် ရှင်းပြရရင်တော့ လွှဲအပ်သူက သတင်း စာက ကြော်ညာ၊ ဒါမှမဟုတ် မှတ်ပုံတင်အရာရှိထံ ပြန်လည်ရုပ်သိမ်းကြောင်း သတင်းပို့ချက်၊ အကြောင်းကြား ချက် တင်ပြရင် RO အ နေနဲ့ အဒီ အကြောင်းကြားချက် အပေါ်မှာ နေ့စွဲတပ်၊ လက်မှတ်ထိုး၊ အမြဲဖိုင်မှာတွဲပြီး မှတ်ပုံတင် စာအုပ်-၆-မှာရှိတဲ့ မူလ လွှဲစာရေးသွင်းချက် တွေပေါ်မှာ မှင်နီနဲ့ (power revoked, see page Nos --- of Permanent File) ၊ “ကိုယ်စားလှယ်စာကို ပြန်လည် ရုပ်သိမ်း ပယ်ဖျက်ပြီး၊ အမြဲဖိုင် စာမျက်နှာ ---- တွင်ကြည့်” လို့ ကန့်လန်ဖြတ် ရေးလိုက်ရပါတယ်။ power ဖျက်သိမ်းဘို့၊ ရုပ်သိမ်းဖို့ အကြောင်းကြားချက် စာတွေကို အမြဲဖိုင် တစ်ခု သီးသန့်ထား ဖွင့် ထားရပါတယ်။ သတင်းစာက ကြော်ညာတာကို ကာယကံရှင်က မှတ်ပုံတင်ရုံးကို အကြောင်းကြားဖို့တော့ လိုပါတယ်။
ပြန်လည်ရုပ်သိမ်းခွင့်မရှိသောလွှဲစာ
ပြန်လည်ရုပ်သိမ်းခွင့်မရှိတဲ့ ကိုယ်စားလှယ်လွှဲစာဆိုတဲ့ စာသားကို လွှဲစာပုံစံတွေမှာ တွေ့နေရပေမဲ့ ပဋိညာဉ် ဥပဒေ မှာတော့ ပြန်လည် ရုပ်သိမ်းမရတဲ့လွှဲစာ လွှဲခွင့်ရှိကြောင်း အတိအလင်း ပြဌာန်း ဖေါ်ပြထားချက် မတွေ့ရပါဘူး။
ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၀၂ မှာ ဖေါ်ပြထားတာက ကိုယ်စားလှယ် လွှဲအပ်သူနဲ့ လွှဲအပ်ခံရသူ အကြား အတိအကျ ချုပ်ဆိုထားတဲ့ ပဋိညာဉ် မရှိရင် ကိုယ်စားလှယ်ရဲ့ အကျိုးခံစားခွင့် တစုံတရာ ကျန်နေသေးပါလျက် ယင်းအကျိုး ခံစားခွင့်ကို ဆန့်ကျင်ပြီး လွှဲစာကို ရုပ်သိမ်းလို့ မရဘူးလို့ တော့ ပါရှိပါတယ်။
ကိုယ်စားလှယ် တစ်ဦးကို power လွှဲခဲ့တဲ့အခါ လွှဲစာမှာ ဖေါ်ပြ တာ၀န်ပေးထားတဲ့ အလုပ်ကို လုံး၀ စတင် မလုပ်ရသေးဘူးဆိုရင် သူ့ကို လွှဲထားတဲ့ လွှဲစာကို ပြန်ရုပ်သိမ်းလို့ ပြဿနာ မရှိနိုင်ပေမဲ့ လွှဲအပ်ထားတဲ့ အလုပ်ကို တစိတ်တဒေသ ဆောင်ရွက်ဆဲ တန်းလန်းဆိုရင်တော့ လုံလောက်တဲ့ အကြောင်း မရှိဘဲ ပြန်ရုပ်သိမ်းလို့ မရပါဘူး၊ အကြောင်းမဲ့ ရုပ်သိမ်းရင် ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၀၅ အရ ပျက်ကွက်သူက လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။
ပါဝါ ရုပ်သိမ်းတဲ့အခါမှာ လွှဲအပ်ခဲ့သူက လျှောက်ထား တင်ပြလျှင်သော်လည်းကောင်း၊ လွှဲပေးသူနဲ့ အလွှဲခံရသူ ၂ ဖက်လုံးက သဘောတူ ပူးတွဲ တင်ပြလျှင်သော်လည်းကောင်း ရုပ်သိမ်းခွင့် ရှိပါတယ်။
ပြန်လည် ရုပ်သိမ်းခွင့်မရှိတဲ့ ပါဝါလို့ အမည်တပ်ထားရင်တော့ principal တဦးတည်း သဘောနဲ့ ရုပ်သိမ်း လေ့ မရှိဘဲ ၂ ဦး၂ ဖက် လျှောက်ထား ဖျက်သိမ်းလေ့ ရှိကြပါတယ်။ principal တဦးတည်း သဘောနဲ့ ရုပ်သိမ်းလို့ ကိုယ်စားလှယ်က သဘောမတူခဲ့ရင် principal က သက်ဆိုင်ရာ တရားရုံးမှာ အမိန့်တောင်းခံ ဖျက်သိမ်းလေ့ ရှိပါတယ်။
လုပ်ငန်းကိစ္စတစ်ရပ်တည်း ဆောင်ရွက်ဖို့ အတွက် သတ်မှတ် လွှဲထားတဲ့ SP ဖြစ်ရင် ယင်းလုပ်ငန်း ကို ကိုယ်စားလှယ်က ေဆာင်ရွက်ဆဲ၊ ဖြစ်ရင် ဆောင်ရွက် မပြီးမချင်း ရုပ်သိမ်းလို့မရပါဘူး။
အထက်က တင်ပြခဲ့တာတွေကို ပြန်ချုပ်ရရင်တော့ Power ရဲ့ သဘောက ရန်ကုန်၊ မန္တလေးရယ်၊ ဘယ်ရုံး ရယ်၊ ဘယ်ဌာနရယ် အတွက်လို့ သီးခြားသတ်မှတ်ချက် မရှိပါဘူး။ အမှီသဟဲ ပြုရတဲ့ ဥပဒေက ပဋိညာဉ်ဥပဒေနဲ့ စာချုပ်စာတမ်းများဥပဒေသာ ဖြစ်ပါတယ်။ Power ရဲ့ သက်တမ်းကို ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၀၁ မှာ သတ်မှတ်ပြဌာန်းထားတဲ့ အချက်တွေကလွဲလို့ သီးခြား ထပ်မံ သတ်မှတ်ထားတာ မရှိပါဘူး။
ဒါပေမဲ့ ခုခေတ်က အလိမ်အညာတွေ၊ မသမာမှုတွေ ပေါများရှုပ်ထွေးလေတော့ ကိုယ့်ဘက်က မမှား အောင်ဆိုတဲ့ စီမံခန့်ခွဲရေးအမြင်နဲ့ Power လွှဲထားတာ ကာလ ဘယ်လောက်ကြာရင်တော့ ထပ်ပြီး လွှဲမှ လက်ခံမယ်၊ မဟုတ်ရင် လက်မခံဘူး ဘာဘူးနဲ့ လုပ်နေတာပါ။ ဥပဒေက သတ်မှတ်တာကတော့ ပါဝါရဲ့ သက်တမ်းဟာ ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၀၁ ပြဌာန်းချက်အရသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ပါတယ်။
ကိုဇော် (နတ်မောက်)
Credit ဆရာဦးဇော်မင်း(နတ်မောက်)