23/08/2026
ကျွန်မတို့အရွယ်ရောက်လာတဲ့အခါ သားသမီးတွေကလည်း လူကြီးလေးတွေ ဖြစ်လာကြပါပြီ။ ကလေးတွေ ကျောင်းကြိုပို့ရတဲ့ တာဝန်တွေ လွတ်သွားကြပြီ။ တချို့ဆိုရင် အဖိုးအဖွားနေရာကိုတောင် စရောက်နေကြပါပြီ။
ဘဝသက်တမ်းတစ်ဝက်ကျော် ဖြတ်သန်းလာပြီးတဲ့အခါ အတွေ့အကြုံတွေအရ တော်တော်များများကို သိနေပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာတတ်ကြပါတယ်။
တစ်နည်းပြောရရင်
“ငါသိတယ်၊ မရှည်နဲ့” ဆိုတဲ့အရွယ်ပေါ့ရှင်။
တစ်ခါတလေ အဲ့ဒီ “ငါသိတယ်” ဆိုတဲ့စိတ်လေးကပဲ မိသားစုနဲ့ ကိုယ့်ကြားမှာ မမြင်ရတဲ့ အလွှာပါးလေးတစ်ခု စခြားစေတတ်သလားလို့ ကျွန်မတွေးမိပါတယ်။
Generation X လို့ ပြောလို့ရတဲ့ ကျွန်မတို့တစ်တွေဟာ ရွေးချယ်စရာနည်းပါးတဲ့ ပုံစံခွက်တွေထဲမှာ ကြီးပြင်းခဲ့ကြရတယ်။ ကိုယ်ရနေတဲ့အခြေအနေကို အကောင်းဆုံးလို့ ယုံကြည်ခဲ့ကြတယ်။ ကမ္ဘာကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ခွင့်ရတဲ့အချိန်လည်း နောက်ကျခဲ့ကြပါတယ်။
အဲ့ဒီလို ကြီးပြင်းခဲ့တဲ့ ကျွန်မတို့နဲ့ ပိုပြီးပွင့်လင်းတဲ့အတွေးတွေ၊ ရွေးချယ်စရာတွေနဲ့ ကြီးပြင်းလာတဲ့ သားသမီးတွေရဲ့ အမြင်တွေက တဖြည်းဖြည်း ကွာလာကြပါတယ်။
ကိုယ်က ကိုယ့်အတွေ့အကြုံအရ သူတို့ကို မမှားစေချင်ဘူး၊ မနာကျင်စေချင်ဘူး၊ အကောင်းဆုံးကိုပဲ ပေးချင်တယ်။ ဒါပေမယ့် ကိုယ်ပေးချင်တဲ့ “အကောင်းဆုံး” ဟာ သူတို့အတွက် တကယ်လိုအပ်တဲ့ “အကောင်းဆုံး” ဖြစ်ချင်မှ ဖြစ်မှာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံကို ပြောပြရရင် ကျွန်မတို့လင်မယားဟာ သားသမီးတွေကို တော်တော်လေး နားလည်ပေးတဲ့ မိဘတွေထဲမှာ ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့ကြပါတယ်။
ကလေးတွေ မွေးကတည်းက တစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို ကြည့်တယ်။ ဘယ်အရာကိုမှ ဖိအားတစ်ခုအနေနဲ့ မဖြစ်စေဘဲ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ရှင်းပြပြီး လက်တွေ့အနေအထားကနေ ကိုယ်တိုင်သင်ယူစေတဲ့နည်းနဲ့ ထိန်းကျောင်းခဲ့ကြပါတယ်။
ဒီအတွက် နှစ်ဖက်မိဘတွေဆီကတော့ “ကလေးတွေကို တအားအလိုလိုက်တယ်” ဆိုပြီး မကြာခဏ အဆူခံရပါတယ်။
အပေါ်ကနေ ပြန်ကောက်ရရင် ကျွန်မတို့ရဲ့ Parenting Plan ကြီးက တော်တော်ပြည့်စုံနေပြီပေါ့။
“ငါမှန်တယ်” ပေါ့ရှင်။
ဒါပေမယ့်…
သူတို့ရဲ့စိတ်တွေကို သေချာလေ့လာကြည့်တဲ့အခါ ကျွန်မထင်ထားသလို Parenting Plan ကြီးက Complete ဖြစ်မနေပါဘူး။
သူတို့လိုချင်တဲ့အရာနဲ့ ကျွန်မတို့ပေးနေတဲ့အရာတွေဟာလည်း အပြည့်အဝ ထပ်တူကျမနေခဲ့ပါဘူး။
အဲ့ဒါကို ကျွန်မ ပထမဆုံး သတိထားမိခဲ့တာက လွန်ခဲ့တဲ့ ၆ နှစ်လောက်က သမီးငယ်လေးက သူ့အတွက် Mental Counseling လိုတယ်လို့ ပြောလာတဲ့အချိန်မှာပါ။
“ဘာကြောင့်လဲ…”
“ဘာလို့လိုတာလဲ…”
“မင်းမှာ ဘာများလိုအပ်နေလို့လဲ…”
မေးခွန်းပေါင်းများစွာ ကျွန်မ မေးခဲ့မိပါတယ်။
အဲ့ဒီအချိန်က ကလေးတွေအတွက် Mental Counseling ရှိသင့်တယ်ဆိုတာကို ကျွန်မကိုယ်တိုင် မသိသေးတဲ့အချိန်ပါ။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေ ရှိနိုင်တယ်ဆိုတာကို မတွေးပေးတတ်ခဲ့ဘူး။
ကျွန်မတို့ ပေးနေတာတွေဟာ သူတို့အတွက် ပြီးပြည့်စုံနေပြီလို့ ယုံကြည်ထားတဲ့စိတ်နဲ့ သူတောင်းဆိုတာကို “မလိုတာတွေ မပြောနဲ့”
ဆိုတဲ့ စကားလေးနဲ့ပဲ ရပ်ထားခဲ့မိပါတယ်။ဒါပေမယ့် သူ့စိတ်လေးအဆင်ပြေကျေနပ်အောင် ကျွန်မတို့နှစ်သိမ့်ညှိနှိုင်းခဲ့တာနဲ့ပဲ အဆင်ပြေသွားပါတယ်။ အဆင်ပြေတယ်လို့ ယူဆရတာပေါ့လေ ။
နောက်တစ်ကြိမ် သမီးကြီးက သူကျောင်းတက်နေတဲ့နိုင်ငံက University မှာ Mental Counseling ရှိပြီး သူလည်း သွားတွေ့ဖြစ်တယ်လို့ ပြောလာပါတယ်။
ကျွန်မက “ဘာတွေ သွားပြောတာလဲ”လို့ မေးတော့ သူက ရယ်ပြီး “မာမားကို မပြောပြချင်လို့ Counselor နဲ့တွေ့တာ။ ပြောမပြပါဘူး”တဲ့ ။
ကျွန်မလည်း ရယ်မိပါတယ်။
ဒါပေမယ့် အဲ့ဒီစကားလေးကို နောက်မှ ပြန်စဉ်းစားမိတယ်။
ကိုယ်က သားသမီးတွေကို နားလည်ပေးတဲ့ မိဘလို့ ယုံကြည်ထားပေမယ့် ကိုယ်မသိတဲ့ သူတို့ရဲ့ကမ္ဘာလည်း ရှိနေနိုင်တာပဲ။
အဲ့ဒီအချိန်ကစပြီး ကျွန်မတစ်ခုတော့ ပြန်စဉ်းစားတတ်လာပါတယ်။
ကိုယ်က အကောင်းဆုံးလို့ ယုံကြည်ပြီး ပေးနေတဲ့အရာဟာ လက်ခံရတဲ့သူအတွက်လည်း တကယ်အကောင်းဆုံး ဖြစ်နေရဲ့လား။
“ငါသိတယ်၊ မရှည်နဲ့” ဆိုတဲ့အရွယ်ရောက်မှ ကိုယ်မသိသေးတာတွေ အများကြီးရှိနေသေးမှန်း သိလာတာပေါ့။ 🤣