12/07/2021
များကြီး copy ခဲ့ပီ ဖတ်သင့်တာလေးတွေ😔
Indoor plants and Oxygen
အောက်စီဂျင် ထုတ်ပေးသော အပင်လေးများ
အခုရက်ပိုင်း လူပြောအများဆုံးက အခန်းအတွင်း အောက်စီဂျင် ထုတ်ပေးသော အပင်လေးတွေအကြောင်းပါ၊ အချို့ကလည်း CB ကနေ မေးကြတယ်။ ဘယ်အပင်စိုက်ရင် အောက်စီဂျင်ရမလည်း ဆိုပြီး ပုံလေးတွေနဲ့ မေးလာတယ်၊ လူတွေလည်း Covid နဲ့အတူ ယှဥ်တွဲနေထိုင်ရင်း အပင်တွေကို သတိထားမိလာကြပြီ၊ ဒီလို လုပ်တဲ့ အပင်တွေရဲ့အကြောင်းကို တက္ကသိုလ် ဝင်တန်း Biology grade 10 Chapter VI မှာ သင်ရပါတယ်။ အစိမ်းရောင် ရောင်ချယ် Chlorophyll ပိုင်ဆိုင်သော အပင်တိုင်းဟာ နေရောင်ခြည် အောက်မှာ အလင်းမှီစု ဖွဲ့စည်းခြင်း (Photosynthesis) ဖြစ်စဥ်ကို လုပ်ကြပါတယ်၊
ဒီဖြစ်စဥ်ကို အများဆုံးလုပ်ကြတာက အပင်တပင်ရဲ့ ဧရိယာအများဆုံးပိုင်ဆိုင်သော သစ်ရွက်လေးတွေပါ၊ သစ်ရွက်လေးတွေရဲ့ အောက်ဖက်မျက်နှာပြင်မှာ စတိုမာ "Stoma" လို့ခေါ်တဲ့ လေပေါက်ငယ်လေးတွေရှိကြတယ်၊ အလွန်သေးငယ်ပြီး သာမန် မျက်စေ့နဲ့ မမြင်နိုင်ပါဘူး၊ Microscope လို့ခေါ်တဲ့ အဏုကြည့်ကရိယာ နဲ့ကြည့်မှမြင်ရတာပါ၊ အမြစ်က စုတ်ယူပေးလိုက်သော ရေ နဲ့ လေထုထဲက စုတ်ယူလိုက်သော ကာဗွန်ဒိင်အောက်ဆိုဒ်ကို နေရောင်အောက်မှာ ကလုိရိုဖီးလ် အကူအညီနဲ့ အပင်အတွက်လိုအပ်သော အခြေခံ သကြား Glucose ကို ချက်လုပ်ကြတယ်၊ ဘေးထွက်ပစ္စည်းက "အောက်စီဂျင်"ပါဘဲ၊ ဒီဖြစ်စဥ်ကို ဖိုတိုဆင်းသစစ် Photosynthesis အလင်းမီစု ဖွဲ့စည်းခြင်းခေါ်တယ်။
ဒီလို အစာချက်နေသောအချိန်မှာ လေပေါက်ကလေးတွေက ပွင့်နေပါတယ်၊ အစိမ်းရောင်ရှိသော အပင်တိုင်းဟာ နေ့အချိန်မှာ လေထဲက ကာဗွန်ဒိင်အောက်ဆိုဒ်ကို စုတ်ယူပြီး လေထုထဲကို အောက်စီဂျင် ပြန်လည် ထုတ်ပေးတယ်။ တနည်းပြောရရင် နေ့ခင်း တနေကုန် အောက်စီဂျင်ထုတ်ပေးနေမှာ ဖြစ်တယ်။
ဒီအချက်ကိုကြည့်ပြီး အခန်းထဲမှာ အပင်လေးတွေ စိုက်ကြတယ်၊ ရန်ကုန်လို နေရာမျိုး အခန်းကျဥ်းကျဥ်းမှာ နေရရင် လူဦးရေလည်းများတာမို့ လူတွေက ရှူ ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် တွေရဲ ပမာဏဟာ အခန်းထဲမှာ အမြဲများနေမှာပါ။ လေထဲက CO2 များတာကို လျော့ချ နိုင်ဖို့ Indoor plants လေးတွေ စိုက်ကြတယ် ၊ အပင်လေးစိုက်ထားတော့ စိတ်လက်ကြည်လင်ပြီး ရေလောင်းရ ၊ပြုစုရနဲ့ စိတ် အပြောင်းအလဲလည်း ဖြစ်စေတယ်၊ အပင်ချစ်စိတ်လည်း ဖြစ်စေတယ်။ အခန်းထဲက လေညစ်တွေကို စုတ်ပြီး အောက်စီဂျင် ထုတ်ပေးနေတာမို့ သဘာဝ လေသန့်စင်စက် တခုလိုပါဘဲ၊
ညဖက်မှာ CO2 ကို ထုတ်တဲ့အပင်
ဒါပေမည့် ညဖက်ရောက်လာရင်တော့ သူ့ရဲ့ ဖြစ်စဥ်က လူသားတယောက်လို ပြုမူလာတယ်၊ လေထဲက အောက်စီဂျင်ကို ပြန်လည် စုတ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက် ကို ပြန်ထုတ်ပေးပါတော့တယ်၊ အလင်းရောင်မရသော ည အချိန်မှာ နေ့ခင်းက ပွင့်နေသော အရွက်က လေပေါက်တွေက ပိတ်သွားတယ်၊ ဒီဖြစ်စဥ်ကို Respiration လို့ခေါ်တယ်၊ တနည်းအားဖြင့် နေခင်းက ချက်လုပ်ထားသော သကြား Glucose ကိုဖြိုခဲွဲပီး အပင်အတွက် လိုအပ်သော စွမ်းအင်ကို ထုတ်ယူကြတာပါ။ နေ့ခင်းက ဖြစ်စဥ်နဲ့ ပြောင်းပြန်ပါဘဲ၊ အလွန်ကြီးမားသော အပင်ကြီးတွေအောက်မှာ ညအချိန် ခိုမိတဲ့အခါမျိုး အသက်ရှူမဝတာက ဒီလို ဖြစ်စဥ် ကြောင့်ပါ၊ CO2 တွေပြည့်နေသော ကာလမျိုးကိုကြုံရလို့ပါ။
ဒီအချက်ကြောင့် လူတွေ ကောင်းစွာ အိပ်မော ကျ တဲ့ ည အချိန်မှာ အောက်စီဂျင် ထုတ်ပေးနိုင်သော အပင်ကို ရှာဖွေလာကြတယ်။ ရှေးက ဒဏ္ဍာရီတွေအရ Peepal trees ဗုဒ္ဓညောင်ပင်ကြီးတွေရဲ့ အောက်မှာ အိပ်စက်ခြင်းဟာ လူတွေရဲ့ ဘဝသက်တန်းတိုးလာစေတယ်လို့ ဆိုကြတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ဒီအပင်ကြီးတွေ ညဖက်မှာလည်း အောက်စီဂျင်ကို ထုတ်ပေးတယ်လို့ဆိုပါတယ်။ Photosynthesis ဖြစ်စဥ်မှာ ( CAM pathway လုပ်ဆောင်သည့် အပင်တွေက) သာမန် C3 C4 pathway အပင်တွေနဲ့ မတူတာတွေ့ရတယ်။ CAM pathway အပင်တွေဆိုတာက ကန္တာရ လိုအရပ်မှာပေါက်သော ရေနည်းခံပင် Xerophytes လို အပင်မျိုး နဲ့ သစ်ကပ်ပင် Epiphytes လို အပင်မျိုး တွေပါ၊ သူတို့ရဲ့ လေပေါက်လေးတွေကို နေ့အချိန်မှာ ပိတ်ထားတတ်ပြီး ည အချိန်မှာ ဖွင့်ပေးထားတတ်တယ်၊ ညအချိန်မှာ လေထဲက CO2 ကို စုတ်ယူပြီး အောက်စီဂျင်ကို ထုတ်ပေးပါတယ်။ ဘာလို့ ဒီလိုလုပ်ရတာလည်း? အကြောင်းရှိပါတယ်၊ သူတို့အားလုံးဟာ ရေရှားပါးလွန်းတဲ့ ကန္တာရ မှာ ရှင်သန် ရတဲ့အပင်တွေဖြစ်တယ်၊ နေ့အခါ နေအပူချိန်က ပြင်းထန်တယ်၊ အပူရှိန်ကြောင့် အပင်အတွင်းက ရေဓာတ်တွေ လေပေါက်ကတဆင့် ဆုံးရှုံးသွားနိုင်တယ်၊ ဒါ့ကြောင့် လေပေါက်တွေကို နေ့ခင်းမှာပင် ပိတ်ထားလိုက်တယ်။ CAM plants အပင်တွေဟာ ဒီဖြစ်စဥ်အရ ညအချိန်ဖြစ်သော်လည်း အောက်စီဂျင် ကို ထုတ်ပေးနိုင်တယ်။ ညအချိန်မှာလည်း အောက်စီဂျင် ထုတ်တယ်ဆိုတာ အပင်အားလုံအတွက်မမှန်ပါဘူး၊ အောက်စီဂျင် အနည်းငယ်သာ ထုတ်ပေးတာပါ၊ နေ့အချိန်မှာဘဲ အောက်စီဂျင် များစွာထုတ်ပေးခြင်းဖြစ်တယ်။
အချုပ်ဆိုရရင် ညအချိန် ထုတ်ပေးသော အောက်စီဂျင်က နေ့ခင်းလောက် မများပါဘူး ၊ နေ့အခါ အောက်စီဂျင် ထုတ်ပေးပြီး ညအခါ ကာဗွန်ဒိင်အောက်ဆိုဒ် ပမာဏ လျော့ချပေးနိုင်သော ၊ အခန်းအတွင်း အောက်စီဂျင် level တိုးစေနိုင်သည့် Indoor plants အချို့ကို စုစည်းတင်ပြရရင်..
Aloe vera (ရှားစောင်းလက်ပတ်..)
အညာမှာ အပေါဆုံးအပင် စိုက်ရပျိုးရ အလွယ်ဆုံး ၊ ညအချိန်မှာ အောက်စီဂျင် ထုတ်လွှတ်ပေးနိုင်သည့် အပင်ဖြစ်သည်။ NASA ကတော့ လေထုကို ပိုကောင်းစေသော အပင်ထဲမှာ အကောင်းဆုံးအပင်ရယ်လို့ဆိုထားပါတယ်၊
Peepal trees ညောင်ပင် Bonsai
အခန်းထဲကို ညောင်ပင်ကြီးစိုက်ခိုင်းတာမဟုတ်ဖူး၊ ညောင်ပင် ဘွန်ဇိုင်းပင်လေးတွေ ထားခိုင်းတာပါ၊ အလင်းရောင်ရသော ပြူတင်းနားကို ထားရင် သူက Photosynthesis လုပ်မယ်၊ အပင်လည်းရှင် သန်စေပြီး အောက်စီဂျင်ထုတ်ပေးနေမှာပါ၊ ရေအများကြီးမလောင်းရပါဘူး။
Snake plants (Sanseveria spp)
ဒီအပင်တွေက တောရွာတွေမှာ ရုံလိုက်ပေါက်ကြတယ်၊ နဂါးစက်ပင် (ဆင်စွယ်ဂမုန်းပင်) လို့ ခေါ်ကြတယ်၊ အဝါအစိမ်းကြားအရွက်တွေ အစိမ်းအဖြူကြား အရွက်တွေသာ ဖြစ်တယ်၊ အိုးလေးနဲ့ စိုက်ထားပြီး Indoor plants လုပ်ထားလို့ရတယ်။ ရေမကြိုက်ပါဘူး၊ အောက်စီဂျင် ထုတ်ပေးယုံသာမက အခန်းထဲရှိ ဖော်မယ်လဒီဟိုက် Formaldehyde ကိုလည်း ဖယ်ရှားပေးနိုင်တယ်။
Areca spp: ပန်းထန်း ပင် လို ထန်းပင် အပုလေးတွေ ကွမ်းပင်အပုလေးတွေ၊ အုန်းပွား အပင်လေးတွေကိုလည်း Indoor plants အနေနဲ့ စိုက်လို့ရပါတယ်။
တမာပင်.. Neem tree
သူကတော့ Indoor plants တော့ မဟုတ်ဘူး ၊ ဒါပေမည့် ညအချိန်မှာ လေထုကို သန့်စင်ပေးနိုင်တယ်၊ လေထဲက CO2 ကို စုတ်ယူပြီး ဖယ်ရှားပစ်နိုင်တယ်၊ တမာရိပ်အောက်မှာ အိပ်စက်သော အညာသားတွေ ရောဂါကင်းတာ သူကြောင့်လည်းပါမယ်။
သစ်ခွပင်များ Orchids.. ပွင့်ရင်လည်းလှတယ်၊ အလင်းရောင်ရသော အခန်းအတွင်းနေရာများမှာ ချိတ်တွဲ စိုက်ပါ၊ သူကတော့ ညအချိန်မှာပင် အောက်စီဂျင်ကို ထုတ်လွှတ်ပေးနိုင်တဲ့ သစ်ကပ်ပင် တမျိုးဖြစ်တယ်၊ သန့်ရှင်းသော လေထုကိုပေးနိုင်သော အပင်ဖြစ်တယ်။
ကျားလျှာအပင်ငယ်များ Christmas Cactus
အလှအပအနေနဲ့ရောင်းသော ကျားလျှာ အပင်လေးတွေကလည်း အကောင်းဆုံး Indoor plants ဖြစ်တယ်၊ အလင်းရောင်ရသော နေရာလေးမှာထားပါ ရေအများကြီးလောင်းစရာမလိုပါဘူး။
ပင်စိမ်းပင်များ.. India ဇာတိအပင်ဖြစ်ပြီး မြင့်မြတ်သော အပင်အဖြစ် အိမ်ထဲမှာ စိုက်ကြတယ်။.
ရွှေလာ ငွေလာ ဂမုန်းပင်များ ကလည်း လူကြိုက်များလှသည့် Indoor plants တွေဖြစ်ပါတယ်၊ ဘယ်အပင်ဘဲစိုက်စိုက်ပါ ဒီအပင်လေးတွေက ကျနော်တို့ ရှူ ထုတ် လိုက်သော CO2 ကို စုတ်ယူပြီး လူသားများအတွက် အဖိုးမဖြတ်နိုင်သော အောက်စီဂျင်ကို ထုတ်ပေးနေမှာပါ။
ကျနော်တို့ အခုဆွေးနွေးနေမိတာ အခန်းထဲစိုက်တဲ့ အပင်ပေါက်စ လေးတွေပါ၊ သစ်တောကြီး တခုလုံးဆိုရင် အောက်စီဂျင် ဘယ်လောက်များ ထုတ်ပေးနေလိမ့်မလည်းလို့ မိတ်ဆွေတို့ မြင်ယောင်မိကြည့်ပါ၊ အလကားရသော အောက်စီဂျင်ကို ဝယ်ရှူ နေရသော ဘဝများက အမြန်ဆုံးကင်းဝေးကြပါစေ၊ သန့်ရှင်း လတ်ဆပ်သောလေကိုတဝကြီး ရှူနိုင်သော အခြေအနေ အမြန်ဆုံးရောက်ကြပါစေ..အပင်တွေကို ချစ်တတ်ပါစေ...
Kothet Naing Oo
Homalin College